Proximity Talk ဆော့ဖ်ဝဲအသုံးပြုပုံ



ဒီတစ်ပတ်မှာတော့ Android OS ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုနိုင်မယ့် Proximity Talk ဆိုတဲ့ ဆော့ဖ်ဝဲအသုံးပြုပုံလေးကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကလေးကတော့ Android OS ဖုန်းတွေမှာ ဖုန်းဝင်လာတဲ့အခါ ဖုန်းကိုင်တဲ့ခလုတ် နှိပ်ဖို့မလိုအပ်ဘဲ တစ်ခါတည်း ဖုန်းကိုနားနဲ့ကပ်လိုက်တာနဲ့ စကားပြောနိုင်မယ့် ဆော့ဖ်ဝဲလေးပဲဖြစ်ပါတယ်။



ဖုန်းပြောရာမှာ အလွယ်တကူနဲ့ ဖုန်းပြောနိုင်အောင် ပြုလုပ်ပေးထားတဲ့ ဆော့ဖ်ဝဲလေးပါပဲ။ ဒါပေမဲ့ ဒီဆော့ဖ်ဝဲကို အသုံးပြုချင်တယ်ဆိုရင်တော့ Android OS ဖုန်းတိုင်းမှာ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ သူက ဖုန်းမှာပါဝင်တဲ့ Proximity Sensor နဲ့ချိတ်ဆက်ပြီး အသုံးပြုရမှာဖြစ်တဲ့အတွက် Proximity Sensor မပါဝင်တဲ့ ဖုန်းတွေအတွက်ဆိုရင်တော့ ဒီဆော့ဖ်ဝဲကို အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ ဒီဆော့ဖ်ဝဲကို ဖုန်းထဲမှာထည့်သွင်းပြီးသွားပြီဆိုရင်တော့ အရင်ဆုံး လိုအပ်ချက်တွေကို ပြုလုပ်ရပါမယ်။ ဖုန်းထဲက ဆော့ဖ်ဝဲကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ ဆော့ဖ်ဝဲကနေပြီး Register လုပ်မလား မလုပ်ဘူးလားဆိုပြီး မေးပါလိမ့်မယ်။ ဒါကတော့ အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ ပြီးရင်တော့ Proximity Talk ရဲ့အသုံးပြုပုံကို ဖော်ပြထားတဲ့စာရဲ့ အောက်ဘက်မှာ Enable Proximity Talk ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဒီစာရဲ့ဘေးနားမှာရှိနေတဲ့ Box လေးထဲမှာ အမှန်ခြစ်ကလေး မှတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဒီဆော့ဖ်ဝဲကို စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ်။ ဒါကတော့ ဆော့ဖ်ဝဲကို အသုံးပြုရုံသက်သက်ပဲဆိုရင် အလွယ်တကူ အသုံးပြုနိုင်မယ့် နည်းပါပဲ။ ဒီထပ်ပိုပြီး အသုံးပြုချင်တယ်ဆိုရင်တော့ ဆော့ဖ်ဝဲရဲ့ Setting ထဲကိုသွားရပါမယ်။ ဆော့ဖ်ဝဲရဲ့ Setting ထဲကို သွားချင်တယ်ဆိုရင်တော့ အထက်မှာဖော်ပြခဲ့တဲ့ ဆော့ဖ်ဝဲကိုအသုံးပြုဖို့ ဖွင့်ထားတဲ့နေရာမှာ ဖုန်းရဲ့အောက်ဘက်က Menu ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Setting, Help, About ဆိုတဲ့ စနစ်သုံးခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ Setting ထဲကို ၀င်ရောက်နိုင်ပါတယ်။ Setting ထဲကိုရောက်ရင်တော့ Answer, Delay, Answer Notification, Answer Only if Moved, Answered Notification, Incoming Call of Hook Action, Outgoing Call of Hook Action, Initially On, Turn Speaker On/Off, Delay Off, Silence Ringer, Shake Sensitivity အစရှိတဲ့ အသုံးပြုနိုင်မယ့် စနစ်ပေါင်းများစွာ ပါဝင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်တွေဟာ ဆော့ဖ်ဝဲကိုအသုံးပြုဖို့အတွက် အဆင်ပြေနိုင်တဲ့ အချက်အလက်တွေဖြစ်ပြီး အများဆုံးအသုံးပြုနိုင်မယ့် အချက်တွေလည်း ဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့ အချက်အလက်တွေအပြင် နောက်ထပ် အခြားအသုံးပြုနိုင်တဲ့ အချက်တွေလည်း ကျန်ရှိနေပါသေးတယ်။ ဖော်ပြခဲ့တဲ့ အချက်တွေထဲမှာပါဝင်တဲ့ Answer ဆိုတာကတော့ ဖုန်းထဲကို အ၀င်ခေါ်ဆိုမှု ၀င်လာတဲ့အခါမှာ ဖုန်းကနေပြီး ဖုန်းကိုင်တဲ့ခလုတ်ကို နှိပ်စရာမလိုအပ်ဘဲ ဖုန်း Ring သံမြည်တာနဲ့ တစ်ခါတည်း ဖုန်းကိုကောက်ကိုင်ပြီး စကားပြောနိုင်မယ့် စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကတော့ ဖုန်းမှာပါဝင်တဲ့ Proximity Sensor စနစ် ကို အခြေခံပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ ဖုန်းသံမြည်လာတဲ့အခါမှာ ဖုန်းကိုကောက်ကိုင်လိုက်ပြီး နားနားကိုကပ်လိုက်တာနဲ့ ဖုန်းက တစ်ခါတည်း ကိုင်ပြီးသားဖြစ်နေမှာဖြစ်ပါတယ်။ Proximity Sensor ကို ပိတ်လိုက်တာနဲ့ တစ်ခါတည်း ဖုန်းပြောနိုင်မယ့်စနစ်မျိုးဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုချင်တယ်ဆိုရင်တော့ အဲဒီ Answer ဆိုတဲ့နေရာလေးမှာ အမှတ်ကလေး ပေးထားလိုက်ရုံပါပဲ။ နောက်ထပ်စနစ်ဖြစ်တဲ့ Delay ဆိုတဲ့အကြောင်းကို ပြောပြပါမယ်။ Delay ဆိုတာကတော့ ကိုယ်ကဖုန်းလာနေချိန်မှာ ဖုန်းကိုမကိုင်မိဘဲ အချိန်ကြာကြာထားနိုင်ဖို့အတွက် ချိန်ညှိနိုင်မယ့် စနစ်ပဲဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ်က ဖုန်းကိုမကိုင်သေးဘဲ အချိန်ဘယ်လောက်ကြာကြာထိ ထားနိုင်မယ်ဆိုတာကို သတ်မှတ်ပေးထားနိုင်မှာ ဖြစ်ပါတယ်။ အခြား ကျန်ရှိနေသေးတဲ့ အချက်အလက်တွေကိုတော့ နောက်တစ်ပတ်မှာ ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။


ယခင်အပတ်က ကျန်ရှိနေသေးတဲ့ Proximity Talk နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Proximity Talk ရဲ့ Setting ထဲက စနစ်တစ်ခုဖြစ်တဲ့ Answer Notification ဆိုတဲ့အကြောင်းကို ဆက်လက်ပြောပြပါမယ်။



Answer Notification ဆိုတာကတော့ ကိုယ့်ရဲ့ဖုန်းထဲကို ဖုန်းဝင်လာတဲ့အခါမှာ ကိုယ်က ဖုန်းကိုင်တဲ့ခလုတ်ကို မနှိပ်ဘဲ အလိုအလျောက် ဖုန်းပြောမယ့်စနစ်ကို အသုံးပြုထားမယ်ဆိုရင် ဖုန်းကို နားနဲ့ကပ်လိုက်တာနဲ့ အလိုအလျောက် ဖုန်းပြောနိုင်မှာဖြစ်ပါတယ်။ ဒီလိုဖုန်းပြောဖို့အတွက် ဖုန်းကို နားနဲ့ကပ်လိုက်တဲ့အခါမှာ ဖုန်းက အလိုအလျောက် ပြောနိုင်ဖို့အတွက် Proximity Sensor စနစ် စတင်အလုပ်လုပ်ပြီဆိုတာကို အချက်ပြတဲ့စနစ်ဖြစ်ပါတယ်။ Answer Notification ထဲမှာတော့ ဖုန်းပြောနိုင်ပြီလို့ အချက်ပြတဲ့စနစ် ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒီထဲမှာတော့ Non, Vibrate Shot, Vibrate Long, Vibrate 3x, Beep အစရှိသဖြင့် ကိုယ်ကြိုက်နှစ်သက်ရာပုံစံကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ Vibrate 3X ဆိုတာကို ရွေးချယ်ထားမယ်ဆိုရင်တော့ ကိုယ့်ဖုန်းထဲကို ဖုန်းဝင်လာတဲ့အခါမှာ ဖုန်းပြောဖို့အတွက် ဖုန်းကိုနားနဲ့ကပ်လိုက်ရုံနဲ့ Vibrate သံသုံးချက်ဆင့် ကြားရမှာဖြစ်ပြီး အလိုအလျောက် ဖုန်းပြောနိုင်မှာဖြစ်ပါတယ်။ Vibrate Shot ဆိုရင်လည်း Vibrate သံ တစ်ချက်လေးပဲ ကြားလိုက်မှာဖြစ်ပါတယ်။ ဒါက ကိုယ်အသုံးပြုချင်သလို ချိန်ညှိအသုံးပြုနိုင်မယ့် စနစ်နေရာဖြစ်ပါတယ်။ Answer Only if Moved ဆိုတဲ့စနစ်ကတော့ ဖုန်းထဲကို အ၀င်ခေါ်ဆိုခြင်းတွေအတွက်ပဲ ဒီစနစ်ကို သီးသန့်အသုံးပြုမယ်လို့ သတ်မှတ်ပေးတဲ့ နေရာဖြစ်ပါတယ်။ ဒီစနစ်ကို သုံးချင်တယ်ဆိုရင်တော့ ဘေးနားက Box လေးထဲမှာ အမှတ်အသားလေး ပေးခဲ့ရင်ရပါပြီ။ နောက်ထပ်စနစ်တစ်ခုကတော့ Answered Notification ဆိုတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒီနေရာကလည်း အပေါ်မှာဖော်ပြခဲ့တဲ့ Answer Notification ဆိုတဲ့စနစ်နဲ့ တူတူပဲဖြစ်ပါတယ်။ ဒီစနစ်ထဲမှာ ပါဝင်တဲ့အချက်အလက်တွေကလည်း ပထမဖော်ပြခဲ့တဲ့ Answer Notification ဆိုတဲ့စနစ်ထဲက အချက်တွေနဲ့တူတူပါပဲ။ သတိပြုရမယ့် အချက်တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ကိုယ်က ဖုန်းကိုကိုင်တဲ့အချိန်မှာ ဘယ်စနစ်ကို အသုံးပြုမယ်ဆိုတာကို ပထမဖော်ပြခဲ့တဲ့ Answer Notification မှာ ရွေးချယ်ထားခဲ့တယ်ဆိုရင် ဒီနေရာမှာလည်း ကိုယ်အပေါ်မှာ ရွေးချယ်ခဲ့တဲ့ စနစ်ကိုပဲ ရွေးချယ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပေါ်မှာတစ်မျိုး အောက်မှာတစ်မျိုးဖြစ်သွားရင် ကိုယ်အသုံးပြုချင်တဲ့စနစ် သီးသန့်ဖြစ်လာနိုင်ဖို့ ခက်ခဲနိုင်ပါလိမ့်မယ်။ ဥပမာ Answer Notification ဆိုတဲ့နေရာမှာ ကိုယ်က Beep ကိုရွေးချယ်ခဲ့ပြီး Answered Notification ဆိုတဲ့နေရာမှာ Vibrate Shot လုပ်ထားမိရင် ဖုန်းကိုင်တဲ့အချိန်မှာ Beep သံနဲ့ Vibrate နှစ်ခုစလုံးကို ကြားနေရပါလိမ့်မယ်။ ဒါကြောင့် ဒီစနစ်နှစ်ခုကို ချိန်ညှိပြီး အသုံးပြုတာ ပိုအဆင်ပြေပါလိမ့်မယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Incoming Call off-hook Action ဆိုတဲ့စနစ်ပါ။ ဒီစနစ်ကတော့ ဖုန်းပြောပြီးတဲ့အခါမှာ ဖုန်းကို ဘယ်လိုအခြေအနေမျိုးနဲ့ ပြန်ထားမယ်ဆိုတာကို သတ်မှတ်တဲ့နေရာပဲဖြစ်ပါတယ်။ ဒီစနစ်ထဲမှာလည်း ရွေးချယ်အသုံးပြုနိုင်မယ့် စနစ်တွေရှိပါတယ်။ Non, Home Screen, Lock Screen ဆိုပြီး စနစ်သုံးခု မြင်တွေ့နိုင်ပါတယ်။ Non ဆိုရင်တော့ ပုံမှန်တိုင်းပဲဖြစ်ပြီး Home Screen ပဲဖြစ်ဖြစ် Lock Screen ကိုပဲဖြစ်ဖြစ် ရွေးချယ်ထားတယ်ဆိုရင် ဖုန်းပြောပြီးတဲ့အခါမှာ ကိုယ်ရွေးချယ်ထားတဲ့ Screen နေရာကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ Outgoing Call off-hook ဆိုတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကတော့ အထက်မှာဖော်ပြခဲ့တဲ့ Incoming Call off-hook ဆိုတဲ့ စနစ်တိုင်းပဲဖြစ်ပါ တယ်။ သူကတော့ အ၀င်ခေါ်ဆိုခြင်းတွေအတွက် မဟုတ်ပါဘူး။ ကိုယ်ကနေပြီး အခြားသူတွေကို အထွက်ခေါ်ဆိုခြင်း ပြုလုပ်တဲ့အချိန်မှာ အသုံးပြုနိုင်မယ့် စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်မှာလည်း ကိုယ့်စိတ်ကြိုက် အသုံးပြုချင်တဲ့ စနစ်တွေကို ရွေးချယ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form